လူမှုဓလေ့ထုံးတမ်း၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေနဲ့ နှလုံးကျန်းမာရေး
အဆီအစိမ့်တွေစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာ၊ အဝလွန်တာ စတဲ့ နေထိုင်စားသောက်မှုပုံစံတွေက နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေနဲ့ အဓိက ဆက်စပ်နေတဲ့ အရာတွေပါ။
အဲဒီလိုပဲ လူမှုဓလေ့ထုံးတမ်းတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကလည်း နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်း American Heart Association က ဖော်ပြထားပါတယ်။
ဟုတ်ပါတယ်။ နှလုံးရောဂါဖြစ်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ မျိုးရိုးဗီဇကြောင့် ဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့ လူမှုဓလေ့ထုံးစံတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်တာပါ။
ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ…
ကိုယ်နေထိုင်တဲ့နေရာက လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်၊ စိတ်အေးချမ်းမှု ရနိုင်မယ့် ပတ်ဝန်းကျင်ဖြစ်ဖို့ လိုပါတယ်။ ဆိုးသွမ်းတဲ့ အိမ်နီးချင်းတွေ၊ ဆူညံပြီး ရန်လိုတဲ့ပတ်ဝန်းကျင်မှာ နေရတဲ့အခါ စိတ်ဖိစီးမှုတွေ များတဲ့အတွက် stress hormones တွေထွက်လာပြီး
- အိပ်မပျော်တာ
- နှလုံးခုန်ရင်တုန်တာ
- စိတ်အလိုမကျတာ
- အစာမကြေတာ
- သွေးတွင်းသကြားဓာတ်များတာနဲ့
- သွေးဖိအားများတာတွေ ဖြစ်လာပါတယ်။ ကာလကြာလာတဲ့အခါ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မဟုတ်လို့ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေမိတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု လျော့နည်းပြီး ကိုယ်အလေးချိန်တက်လာတာ၊ အဝလွန်တာတွေ ဖြစ်စေနိုင်သလို စိတ်ညစ်စိတ်ဓာတ်ကျပြီး အဆာပြေအစားအစာတွေ စားနေမိရင်လည်း ဝလာမှာ ဖြစ်ပါတယ်။
လူမှုဓလေ့ထုံးတမ်းတွေ…
လူမှုဓလေ့ထုံးတမ်းတွေနဲ့လည်း နှလုံးကျန်းမာရေးက ဆက်စပ်နေတာပါပဲ။
- မီးဖွားပြီးစ ကလေးမိခင်တွေဟာ ငါးခြောက်နဲ့ ဟင်းခါးပဲ စားရမယ်ဆိုတဲ့ အယူအဆအမှားကြီးကို ယခုထိစွဲကိုင်ထားသူတွေ အများကြီးရှိတုန်းပါ။ အာဟာရစုံလင်စွာ မရသည့်အပြင် ငါးခြောက်က ခန္ဓာကိုယ်ထဲက ဘီဝမ်းဓာတ်ကို ဖျက်ဆီးပစ်သည့်အစွမ်းရှိတာကြောင့် ထုံနာကျဥ်နာနဲ့ နှလုံးကြီးပြီး နှလုံးညှစ်အား မရှိတော့တဲ့ ဘယ်ရီဘယ်ရီရောဂါဖြစ်ပြီး မိခင်လည်း ရုတ်တရက် သေဆုံးနိုင်သလို မိခင်နို့ရည်ကနေတဆင့် အာဟာရချို့တဲ့တဲ့ ကလေးလည်း ရုတ်တရက် အမောဖောက်ပြီး သေဆုံးနိုင်ပါတယ်။
- ကျန်းမာရေး အသိပညာမရှိဘဲ ရောဂါဖြစ်ရင် ဆေးမြီးတိုနဲ့ ကုကြသည့် ဓလေ့တွေကြောင့်လည်း မသေသင့်ဘဲ သေရသည့်အသက်ပေါင်းများစွာ ရှိပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုလို နာတာရှည်ရောဂါတွေကို ဆေးကုသမှုမှန်မှန် မခံယူဘဲ သစ်ရွက်၊ သစ်ခေါက်ဆေးမြီးတိုတွေနဲ့ ကုသကာ ကောင်းသွားပြီအထင်နဲ့ ပေါ့ပေါ့ဆဆနေမှုကြောင့် နောက်ဆက်တွဲ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၊ ကျောက်ကပ်ပျက်ဆီးတာတွေနဲ့ သေဆုံးကြရတာ ဖြစ်ပါတယ်။
- သံဃာတော်များဟာ လူတွေကပ်သည့် အစားအစာကိုပဲ ဘုန်းပေးရသည့် ဝိနည်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်သလို ဖြစ်လာရင်လည်း ရောဂါကို ထိန်းချုပ်ဖို့ ခက်ခဲတာပါ။ ဆွမ်းလောင်းသည့်၊ ဆွမ်းချက်သည့် ဒကာ၊ ဒကာမများက အသက်အရွယ်ကြီးရင့်သည့် သံဃာတော်များကို အဆီအစိမ့်၊ အငန်နဲ့ ချိုလွန်းသည့် အစားအစာများရှောင်ပြီး အသီးအရွက်၊ ပဲနဲ့ အသားမျှတစွာ ဆွမ်းကပ်နိုင်ရင် ပိုကောင်းပါတယ်။
အထက်ပါအခြေအနေမျိုးတွေနဲ့ အနည်းနဲ့အများ ဆက်စပ်နေခဲ့ရင် နှလုံးရောဂါရဖို့ ရာခိုင်နှုန်းများတာမို့ ကိုယ်လက်လှုပ်ရှားတာ၊ အသီးအရွက်တွေများများစားတာ၊ စိတ်ဖိစီးမှုလျော့အောက် တရာထိုင်တာတွေ လုပ်ခြင်းဖြင့် ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်